ကျောက်ကပ်ကင်ဆာ ကြောက်စရာလား
ကျောက်ကပ်ဟာ နံရိုးတွေရဲ့ အောက်ဖက်၊ ကျောရိုးမကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ လက်သီးဆုပ်အရွယ်အစားရှိပြီး ပဲစေ့ပုံသဏ္ဍာန် အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့ အဓိကတာဝန်က သွေးတွေကို စစ်ထုတ်ရတာဖြစ်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်တာ၊ အရည်ပမာဏ ပုံမှန်ဖြစ်အောင် ထိန်းတာ၊ Electrolytes လို့ခေါ်တဲ့ ဓာတ်တွေ ညီမျှအောင်ထိန်းတာတွေလည်း လုပ်ပေးပါတယ်။
ကျောက်ကပ်ကင်ဆာဟာ အဖြစ်အများဆုံးကင်ဆာရောဂါတွေထဲက တစ်ခုဖြစ်ပြီး အသက် ၆၀ ကျော်တွေမှာ အဖြစ်များပါတယ်။ စောစီးစွာ သိရရင် ကုသပျောက်ကင်းနိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာလဲ?
- ဆီးထဲမှာ သွေးပါတာ (ဆီးအရောင်ရင့်တာ သို့မဟုတ် နီနေတာ)
- ခါးနဲ့ ကျောဘက်က နာနေတတ်တာ (နံရိုးအောက်နားက နာတတ်ပါတယ်)
- ကျောက်ကပ်ရှိရာ နေရာမှာ အလုံးစမ်းမိတာ
- မောပန်းအားကုန်နေတတ်တာ
- အစာစားချင်စိတ် မရှိတာ
- ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျလာတာ
- မကြာခဏဖျားပြီး ပိုးသတ်ဆေးသောက်လည်း မသက်သာတာ စတဲ့ လက္ခဏာတွေကို ကျောက်ကပ်ကင်ဆာမှာ တွေ့နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
- အဝလွန်သူတွေ
- ဆေးလိပ်သောက်သူ
- သွေးတိုးရှိသူ
- ကျောက်ကပ်ကင်ဆာ မိသားစုရာဇဝင်ရှိသူ
- နာတာရှည် ကျောက်ကပ်ရောဂါရှိသူ၊ ကျောက်ကပ်ဆေးနေရသူတွေမှာ အဖြစ်များပါတယ်။
ဝနေရင် ကိုယ်အလေးချိန်ချတာ၊ သွေးတိုးရှိနေရင် သွေးပေါင်ပုံမှန်ဖြစ်အောင် ထိန်းတာ၊ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်တာတွေက ကျောက်ကပ်ကင်ဆာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
ဘယ်လို ကုသမလဲ?
ကင်ဆာအကျိတ်ရဲ့ အရွယ်အစားနဲ့ အနီးနားက ကိုယ်အင်္ဂါတွေကို ပျံ့နှံ့မှု ရှိမရှိပေါ် မူတည်ပြီး ကုသပါတယ်။
- အဓိကအားဖြင့် ခွဲစိတ်ဖြတ်ထုတ်တာကို လုပ်ပါတယ်။ မေ့ဆေးပေးပြီး ကင်ဆာအကျိတ်ကို ဖြတ်ထုတ်တာပါ။ အကြီးစားခွဲစိတ်မှု ဖြစ်ပြီး မခွဲခင် လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။
- Cryotherapy/Radiofrequency Ablation…အေးခဲပြီး သို့မဟုတ် အပူပေးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုသမှု ဖြစ်ပါတယ်။
- Biological Therapies ဆိုတာကတော့ ကင်ဆာဆဲ့လ်တွေ ကြီးထွားတာ၊ ပြန့်ပွားတာကို တားဆီးစေတဲ့ ဆေးတွေပေးပြီး ကုသတာ ဖြစ်ပါတယ်။
- Embolisation ဆိုတာ ကင်ဆာဆဲ့လ်ဆီကို သွားတဲ့ သွေးကြောကို ချည်ပြီး ကင်ဆာဆဲလ်က အာဟာရပြတ်ပြီး မကြီးထွားနိုင်အောင် လုပ်တာပါ။
- Radiotherapy ကတော့ လူသိများတဲ့ ဓာတ်ကင်တာ၊ ဓာတ်ရောင်ခြည်ပေးပြီး ကုသတာပါ။
ကင်ဆာအကျိတ်က သေးပြီး တခြားအင်္ဂါတွေကိုလည်း မပျံ့သေးဘူးဆိုရင် ကျောက်ကပ်ကင်ဆာဟာ လုံးဝကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် နောက်မကျဘဲ စောစီးစွာသိပြီး ကုသမှု ခံယူနိုင်ဖို့ အရေးကြီးလှတဲ့ ရောဂါတစ်ခုပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်